မိုးနဲမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲကျင်းပ

မိုးနဲ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်း‌ကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးငိုပွယ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အိအိမွန်က ကျေးလက်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ သင်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများ သင်တန်းနည်းပြဆရာမ၊ သင်တန်းသားထူးချွန်ဆုနှင့် သင်တန်းသားများအတွက် လက်ဆောင်များကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ခိုတိဝိုး၊ လွိုင်လင်း၊ ကုန်းကျောင်း ၊ပန်အူ၊ နမ့်မော်ဆွမ့်၊ ဝမ်ယေးကျေးရွာ၊ နားခံ၊ မယ်ဇလီမြိုင်နှင့် ခဲနှုတ်ခမ်းကျေးရွာများမှ သင်တန်းသူ ၂၀ တက်ရောက်ကာ သင်တန်းတွင် မျက်နှာပေါင်းတင်နည်းအမျိုးမျိုး၊ ဖောင်ဒေးရှင်း မိတ်ကပ်လိမ်းနည်း၊ ပေါင်ဒါမျိုးစုံအသုံးပြုနည်း၊ ကာလာစုံခြယ်နည်းအမျိုးမျိုး၊ နှုတ်ခမ်းနီ ပုံဖော်နည်းနှင့် ဆံပင်ပုံစံအလှပြုပြင်နည်းများကို ကျွမ်းကျင်နည်းပြဆရာမနှစ်ဦးက ဇူလိုင် ၅ ရက်မှ ၂ဝ ရက်ထိ ၁၆ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း