တပ်ကုန်း ဇူလိုင် ၂၀
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ ဆဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘုရင့်နောင်ရပ်ကွက်၊ စန္ဒိမာရာမဂိုဏ်းထောက်စာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံတွင် ကျင်းပရာ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆွမ်း၊ ဘောစဉ် အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စန္ဒိမာရာမဂိုဏ်းထောက်စာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ဆီမီးနှင့် ရေချမ်း ဆက်ကပ်ပူဇော်ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစန္ဒသိရီ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လှူဒါန်းသည့် ဗုဒ္ဓရုပ်ပွားတော်(၁၈)ဆူ၊ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေနှင့် ဝတ္ထုငွေများ ဆက်ကပ်ပူဇော်ခဲ့ကြပြီး၊ ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ ဆဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဆရာတော် ၂၄ ပါးဖြင့် ရွတ်ဖတ်ပူးဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်