မန်တုံ ဇူလိုင် ၂၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၉:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၀)ပါ စာတည်းမှူးရေးသားသည့် “ဆေးလိပ်ဆေးရွက်ကြီးနှင့် ဆိုးကျိုးအန္တရာယ်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက် ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပြီး မခင်ဦး(Grade-6)မှ နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခမ်းအနားများကျင်းပ၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် ပညာပေးဟောပြောပွဲများ၊ အသိပညာပေးလှုပ်ရှားမှုများကို ပြုလုပ်၍လှုံ့ဆော်ပေးလျက်ရှိသည်။ “ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ့ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုအခြေအနေ အစီရင်ခံစာ(၂၀၂၁)”အရ မြန်မာ နိုင်ငံသည် လူမှုကွန်ရက်အပါအဝင် မီဒီယာအပေါင်းစုံအသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှု လျှော့ချနိုင်ရေးအသိပညာမြှင့်တင်ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်အမြင့်ဆုံး ၄၆ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ကြောင်း၊ မောင်အောင်သိန်း(Grade-6)မှ ကမ္ဘာ့တစ်ဝန်း ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော်သည် နာတာရှည်ရောဂါမျိုးစုံဖြစ်ပွား၍ အချိန်မတိုင်မီ သေဆုံးလျက်ရှိသည်။ ၎င်းတို့အနက် ၁ ဒသမ ၂ သန်းခန့်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်ရသည့်အတွက်ကြောင့် ရောဂါများဖြစ်ပွား၍ သေဆုံးနေကြရသည်။ အလွယ်တကူ ကာကွယ်၍ ရနိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံရခြင်းများတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ပစ္စည်းအမျိုး မျိုးသောက်သုံးခြင်း သည် ထိပ်ဆုံးတွင် ရှိနေပါကြောင်း၊ မအိုင်နွယ်(Grade-6)မှ မြန်မာနိုင်ငံတွင် ဆေးလိပ်မသောက်စေရေးအတွက် ၂၀၀၆ ခုနှစ်၌ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုဥပဒေကို ပြဌာန်း၍ အဆိုပါဥပဒေအရ ဆေးလိပ်သောက်ခွင့်မရှိသော နေရာများကို သတ်မှတ်ထားသည်။ ဆေးရုံ၊ ဆေးခန်း၊ ကစားကွင်း၊ စာသင်ကျောင်း၊ ကုန်တိုက်၊ တက္ကသိုလ်၊ ပြတိုက်၊ စာကြည့်တိုက်၊ အများသုံး ဘတ်စ်ကား၊ ကျောင်းကား၊ သင်တန်းကျောင်းများအပါအဝင် အများပြည်သူနှင့်ဆက်စပ်သည့်နေရာများတွင် ဆေးလိပ်သောက်သုံးခွင့်မရှိပါ။ ဆေးလိပ်ပုံကစားစရာနှင့် သရေစာများကိုလည်းရောင်းချခွင့်မရှိပါ။ ထို့ပြင် ကျောင်းပရိဝုဏ်နှင့် ကျောင်းပရိဝုဏ်ပြင်ပ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခွင့်မရှိခြင်း၊ အသက် ၁၈ နှစ်မပြည့်သူများအား ဆေးလိပ်ရောင်းချခွင့် သို့မဟုတ် ပေးကမ်းခွင့်မရှိခြင်း စသည့်အချက်များလည်းပါဝင်ပါသည်။ သို့ပါ၍ ဆေးလိပ်ကြောင့် နာတာရှည်ရောဂါများ ဖြစ်နိုင်သဖြင့် လူငယ်လူရွယ်များအပါအဝင် ပြည်သူအားလုံး ဆေးလိပ်၊ ဆေးရွက်ကြီး၏ ဆိုးကျိုးအန္တရာယ်မှ ဝေးရာသို့ ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်းစသည့် အကြောင်းအရာများကို အသီးသီး ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မန်တုံ ပြန်/ဆက်