မလှိုင် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်း( မြို့သစ်) ကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ကျောင်းသား/သူများနှင့် ကလေးသူငယ်များတွင် အဖြစ်အများဆုံးတွေ့ရှိရသည် အဆုတ်အအေးမိ(နမိုးနီးယား) ရောဂါသည် နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်ပူခြင်းတို့မှ စတင်သည့်ရောဂါဖြစ်သဖြင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Maskများ အခမဲ့ဝေငှပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သင်းသင်းခိုင်က ကလေးများနှာစေး၊ ချောင်းဆိုးပြီး အသက်ရှုမြန်သည့် လက္ခဏာများတွေ့ရှိပါက အချိန်နှင့်တပြေးညီ နီးစပ်ရာဆေးရုံ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူနိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေ ပေးခဲ့သည်။
နှာခေါင်းစည်း Maskများ ဖြန့်ဝေခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သင်းသင်းခိုင်နှင့်ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြ ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/မများကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ အလားတူအဆိုပါနေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၈၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား Mask အခုရေ (၁၂ဝဝဝ)ကို ယမန်နေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)