ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

စစ်တွေ   ဇူလိုင်  ၂၀

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ မြောက်ဦးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျဖြန့်ဝေထားရှိမှု နှင့် မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေထားရှိမှုတို့ကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကောင်းမြတ်နိုင်က မြောက်ဦးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များကလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တို့ချဲ့မွေးမြူ၊ စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင် ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြောက်ဦးခရိုင်သည် ရေခံမြေခံကောင်းပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ကိုင်ရန် အလွန်ကောင်းသော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများအနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲတိုးတက်လာသည်ကိုတွေ့ရ၍ များစွာဝမ်းသာမိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း မုန်တိုင်းကာလပြီးနောက် ရခိုင်ပြည်နယ်အား ယခင်အခြေအနေထက် သာလွန် ကောင်းမွန်အောင် လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားထားပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ များစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက် နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့်စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီတွင် အချိန်မီစိုက်ပျိုး ထွန်ယက်ပြီးစီးနိုင်ရေး ကြိုးစားလုပ်ဆောင်ပေးကြစေလိုကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် တောင်သူများအတွက် မြောက်ဦးမြို့နယ်တွင် အချိန်မီစိုက်ပျိုး ထွန်ယက်နိုင်ရန် လယ်ထွန်စက်များကို ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာဆိုင်ရာများကလည်း မြေပြင်ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူ များ၏လိုအပ်ချက်များ၊ လိုအပ်သည့်နည်းပညာများကို ပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် လိုအပ်သည့်နည်းပညာများ၊ စိုက်ပျိုးရေးနည်းစနစ်များကို အသိပညာပေးဆွေးနွေးပေးကြရမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျနည်း စနစ်ကောင်းကောင်းဖြင့် စိုက်ပျိုးကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှလည်း မုန်တိုင်းအလွန်ကာလတွင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ပေးပို့ထားပါကြောင်း၊ လိုအပ်သည့်နည်းပညာများ၊ ပံ့ပိုးပေးရမည့်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးစေလိုကြောင်း၊အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေပေးထားသည့်အတွက် ယခင်နှစ်များကထက် အထွက်နှုန်းကောင်းအောင်ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ အလားတူ ဟင်းသီးဟင်းရွက် စားသုံးမှု ဖူလုံစေရန်နှင့်  မိမိအိမ်ခြံဝန်းအတွင်း တပိုင်တနိုင် စိုက်ပျိုးနိုင်ရေးအတွက်  စိုက်ပျိုးရေး ဦးစီးဌာနမှ ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်များကို တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများသို့ ထောက်ပံ့ပေးပို့ခဲ့ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့်လည်း မိမိတို့အိမ်ခြံဝင်းအတွင်းမှာ ဟင်းသီး ဟင်းရွက်များကို စိုက်ပျိုးခြင်း၊ ပြုစုခြင်းဖြင့် မိမိစိုက်ပျိုးသည့် သီးနှံပင်များမှရရှိသော  အာဟာရဓာတ်ပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များကို လတ်ဆတ်စွာ စားသုံးရမည်ဖြစ်ကြောင်း၊ အလားတူ အရိပ်ရပင်များ၊ လေကာပင်များနှင့် မုန်တိုင်းဒဏ်ခံအပင်များ စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များကလည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်းပြောကြားသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာမဘုန်းတော်ကြီးကျောင်းရှိ ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကာ မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်ဦများ ပြုပြင်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား လျောက်ထားပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ၊ ကျောင်းတိုက်အတွင်း ဓမ္မာရုံပြန်လည်ပြုပြင်ရန်အတွက် သွပ်နှင့်သစ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိန်ညိုရွာသစ် ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်း ၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း၊ ပန်းခင်းစီမံချက်(အဆင့်-၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား ကြီးအား သွားရောက်ဖူးမြော်ကြကာ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး ဘုရားကြီးသိမ်တော် ဘက်စုံပြုပြင်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ကျောက်တော်မြို့နယ်ပြန်လည် ထူထောင်ရေး တာဝန်ခံ ဗိုလ်မှူးချုပ် အောင်သူဦးက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုများ အပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများစနစ်တကျ ဖြန့်ဝေ ထားရှိမှုနှင့် မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေထားရှိမှုနှင့် ကျောက်တော်မြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်စွာညွန့်က ကျောက်တော်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တို့ချဲ့မွေးမြူ၊ စိုက်ပျိုးနိုင်ရေးလိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိုးစပါးများအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လယ်ထွန်စက်များဖြန့်ဝေ ပေးထားမှု၊ အထွက်နှုန်းကောင်းသည့် မျိုးစပါးများဖြန့်ဝေပေးထားမှု၊ ဟင်းသီး ဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပေးထားမှု၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးထားသည့်အတွက်  ယခင်နှစ်များထက်အထွက် နှုန်းကောင်းအောင် စနစ်တကျ စိုက်ပျိုး နိုင်ရေးနှင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် နိုင်ရေးရှင်းလင်းဆွေးနွေးပြောကြားပြီး ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးရေး သိပ္ပံ(ကျောက်တော်)ရှိ ကျောင်းဆောင်များ ပြန်လည်ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ် ဆရာကြီးက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေနှင့် ကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်ဧက (၂၀) စိုက်ပျိုးနေမှုအားသွားရောက်ကြည့်ရှုအားပေးကြပြီး အပေါက်ဝကျေးရွာ၌ တစ်ဧကအထွက်နှုန်းတင်း(၁၀၀)အထက် ထွက်ရှိရေး ပေါင်ပျိုးစံပြခင်းများအား သွားရောက်ကြည့်ရှုအားပေး ကြကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံကြသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးများက စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြရန်နှင့် အထွက်နှုန်းကောင်းသည့် မျိုးစပါး များအား စနစ်တကျစိုက်ပျိုးကြရန်မှာကြားပြီး တောင်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ် ယိုးချောင်းတံတား(၄၂၀) ပေအား အသစ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များများကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးကြသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ၌ တောင်သူဦးဘညွန့်မောင်၏ လယ်ဧက ၁ ဒသမ ၅၀ ဧကတွင် မိုခါမုန်တိုင်းသင့် တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော မျိုးစပါး (GW-11) ၁၀ ဧကစိုက်ပျိုးရန် ပျိုးခင်းများ ပျိုးထောင်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှုက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အထွက်နှုန်းကောင်းသည့် မျိုးစပါးများ ဖြန့်ဝေထားရှိမှုနှင့် ထွန်ယက်စိုက်ပျိုးနေမှုတို့ကိုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းကောင်းသည့် မျိုးစပါးများအားစနစ်တကျ စိုက်ပျိုးကြရန်နှင့် လိုအပ်သည့်နည်းပညာများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားပြီး တောင်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)