မိုင်းယန်းမြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေး

မိုင်းယန်း   အောက်တိုဘာ  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့်အထူးရဲ (၂၀)ဦးတို့အား Antigen Rapid Diagnostic Test Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မိုင်းယန်းမြို့မ ရဲစခန်းဝင်းအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ  RDT Test Kit ဖြင့် စစ်ဆေးပေးရာတွင် မိုင်းယန်းမြို့နယ် ကုသရေးဦးစီးဌာနမှ ဓါတ်ခွဲမှူး ဒေါ်သဲပွင့်ဖြူ ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက အထူးရဲသင်တန်းသား (၂၀) ဦး အပါအဝင် သင်တန်းနည်းပြ (အရာရှိ)တို့၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များကို Antigen Rapid Diagnostic Test Kit များဖြင့် စနစ်တကျစစ်ဆေးခဲ့ပြီး  အားလုံး၏ အဖြေမှာ (Negative) ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကျန်းမားရေးစစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)