သီပေါ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ဓမ္မာရုံမဟာသာသနာ့ ဗိမာန်တော်ကြီး၌ ယနေ့နံနက်(၉)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များတွေ့ဆုံ၍ (၁၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သီလရှင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးကို နမောတဿသုံးကြိမ် သံပြိုင်ညီညာရွတ်ဆို၍ စတင်ခဲ့ပြီး မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဗုဒ္ဓဘာသာ သာသနာတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်၍ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူလျက် နှစ်စဉ် ဝါဆိုလဆန်း (၁၀)ရက်နေ့ရောက်တိုင်း သီပေါမြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ်တော်မူကြမည့် သီလရှင်များအား ဆွမ်းဆန်ပြည့်စုံစွာရရှိစေပြီးသာသနာတော်အား ဆထက်ထမ်းပိုးသယ်ပိုးနိုင်ရန် မြို့နယ်အတွင်းစေတနာရှင် အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့လယ်ဓမ္မာရုံ၊ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် (၁၄)ကြိမ်မြောက်ရှိပြီဖြစ်ရာ အစည်းအဝေးတက်ရောက်လာသောဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များအနေဖြင့် (၁၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း စသည်ဖြင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် ဦးစိုင်းဇော်ဝင်းက ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၀)ကျောင်းမှ သီလရှင်အပါးပေါင်း (၅၆၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ဒုတိယဝါဆိုလဆန်း(၁၂)ရက်၊ (၂၉-၇-၂၀၂၃)ရက်နေ့ မွန်းလွှဲ(၂)နာရီအချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လယ်ဓမ္မာရုံ၊ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုအပ်သည်များကို အသီးသီးအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးတက်ရောက်လာသော စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြကြောင်းနှင့်အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် သံပြိုင်ညီညာရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)