ပူတာအို ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျန်းမာသန်စွမ်းသည့် လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် အားကစားလှုပ်ရှားခြင်းဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Showဆွေးနွေးခြင်းကို ဇူလိုင်(၂၀)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့က လူငယ်များအနေဖြင့် အားကစားကို လိုက်စားသင့်သည့်အချက်များ၊ အားကစားလှုပ်ရှားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်များအတွက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့် အစီအစဉ်များကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေးရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ အချိန်ကို အလဟသမဖြုန်းတီးပဲ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု စိတ်ဓါတ်ရေးရာမြင့်မားလာစေရန်နှင့် စိတ်လေလွင့်နေသည့် လူငယ်များကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ဘက်ပါမသွားစေရန် ရည်ရွယ်၍ အားကစား အခြေခံသင်တန်း၊ Physical Fitness Dance သင်တန်း၊ အေရိုးဗစ်သင်တန်း၊ ဘော်လီဘော၊ ဘော်လုံး၊ ဖူဆယ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး ယခုလက်ရှိတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ရည်ရွယ်၍ ကလပ်ပေါင်းစုံအမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)