လွိုင်လင်မြို့ အ.လ.က(၁)ကျောင်းတွင် စာပွဲတင် တင်းနစ်သင်တန်းဆင်းပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လွိုင်လင်  ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့  အလက(၁) ကျောင်းတွင် စာပွဲတင် တင်းနစ်သင်တန်းဆင်းပွဲ နှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီက ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးသန်းစိုး တက်ရောက်၍ အမှာစကားပြောကြား  ပါသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သင်တန်း ထူးချွန်ဆုရရှိသူများ မြို့နယ်အားကစားမှူး ဒေါ်မိုးမိုးအေးက ဆုချီးမြှင့်ပေးပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရူံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပါသည်။ ဆက်လက်၍ စာပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား  ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ပြုလုပ်ရာ တတိယဆုရရှိသူအား ဒေါ်သိန်းသန်းဌေး၊ ဒုတိယဆုရရှိသူအား ကျောင်းအုပ် ဆရာမကြီး ဒေါ်ပြည့်သီရိဝေ၊ ပထမဆုရရှိသူအား မြို့နယ်ပညာရေးမှူးတို့က အသီးသီး ဆုများ ချီးမြှင့်ပေးပြီးနောက် ကျောင်းသား/သူများက နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ စာပွဲတင် တင်းနစ်သင်တန်းကို ဇွန် ၂၆ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့  အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ ကျောင်းသား/သူ (၃၅)ဦးတက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်