ပင်းတယမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှောင်ခို/လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်းတယ ဇူလိုင် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ငှက်ပျောတောရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌  ယမန်နေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူမှောင်ခို/ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပင်းတယမြို့မရဲစခန်းမှူး ဒုတိယရဲမှူးအေးမင်းက မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် ပြစ်မှုဆိုင်ရာများကို အသိပညာပေးဟောပြောပြီး လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းညွှန့်ဦးက လူကုန်ကူးခံရမှုကြောင့် ရရှိနိုင်သောဆိုးကျိုးများ၊ လူမှောင်ခို/လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးခံရသည်ဟု သံသယရှိပါက ဆက်သွယ်သတင်းပေးနိုင်ရန်အတွက် ဖုန်းနံပါတ်နှင့် လိပ်စာများအား ပြောကြားပေးခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)