ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ(၅၉.၈)ကျပ် သန်းထုတ်ချေးပေးခဲ့

ချောင်းဆုံ ဇူလိုင် ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း အဆင်ပြေစေရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကဒေါင်းရပ် အရှေ့ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို Mobile Financial Payment Shwe Bank(MoMoney Digital Wallent)စနစ်ဖြင့် ထုတ်ချေးပေးခဲ့သည်။

အဆိုပါချေးငွေထုတ်ပေးခြင်း အခမ်းအနားတွင် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က”ယခုလို Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင် စီမံကိန်းချေးငွေများကို ထုတ်ချေးပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန် ငွေကြေးမသမာမှုများကြောင့် ဆုံးရှုံးနိုင်မှု လျော့နည်းစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာဝန်ထုပ်ဝန်ပိုးများအား လျော့ချနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း”ပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ချေးငွေများကို ထုတ်ချေး ပေးခဲ့သည်။

ဒေါင်းရပ်အရှေ့ကျေးရွာတွင် အိမ်ခြေ(၂၆၅)အိမ်၊ အိမ်ထောင်စု(၂၈၄)စု၊ လူဦးရေ(၁၅၂၅)ဦးရှိပြီး မြစိမ်းရောင်ရန်ပုံငွေအတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၄၉)ဦးအတွက် (၂၇.၂)ကျပ်သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၈)ဦးအတွက်(၁၃.၂)ကျပ်သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၈)ဦး အတွက် (၆.၂)ကျပ်သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၃)ဦးအတွက် (၅.၁)ကျပ်သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ(၁၈)ဦးအတွက် (၈.၁)ကျပ်သန်း၊ စုစုပေါင်း အသင်းသား (၁၁၆)ဦးအတွက် ထုတ်ချေးငွေပေါင်း(၅၉.၈)ကျပ်သန်းအား Mobile Financial Payment စနစ်ဖြင့် လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)