ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေးဟောပြော

မောင်တော ဇူလိုင် ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ မေယုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင်  မောင်တောမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌  တာဝန် ထမ်းဆောင်ရန် ရောက်ရှိနေသော ပဲခူးတိုင်းကိုယ်စားပြု ဒေါက်တာမောင်မောင်မျိုးသိန်းက မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့်ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အခြေအနေများ၊ ရောဂါလက္ခဏာများ၊ ဆောင်ရန်၊ရှောင်ရန်များအား အသိပညာပေးဟောပြောပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များကို လည်းဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကိုကို၊ မြို့မရဲစခန်းမှူး ထွန်းနိုင်နှင့်တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်မိသားစုဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးလုပ်သားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ဘုရားညောင်ရေအိုးများအား စစ်ဆေးခြင်း၊ မလှဲမသွန်နိုင်သောနေရာများကို အဘိတ်ဆေးများခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများခပ်ပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)