မြင်းခြံ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဇင်မာသန်းထွန်းက မိုးရာသီအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေး မဖြစ်ပွား အောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ