ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်တွင် (၁၂)ဘီးယာဉ် တစ်စီးတိမ်းမှောက်

ဖားကန့် ဇူလိုင် ၂၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက်တွင် ဇူလိုင်လ ၁၈ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ (၁၂)ဘီး ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့မှ ကုန်များတင်ဆောင်လာပြီး ဖားကန့်ကုန်စုံဆိုင်များအား ဖြန့်ဝေရန်အတွက် မောင်းနှင်လာသော ယာဉ်မောင်း ကသာမြို့နေ အသက် ၂၉ နှစ်အရွယ် စိုးထက်အောင်နှင့် ယာဉ်အကူ ကသာမြို့နေ အသက် ၄၆ နှစ်အရွယ် ဦးသန်းဝေတို့သည် မော်ဝမ်းရပ်ကွက် အထက်လမ်း ပန်းရွှေဇင်အလှပြင်ဆိုင်ရှေ့ အုတ်ခုံအား ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိ၍ ၎င်းယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်၌ မော်တော်ယာဉ်ရှေ့ လေကာမှန်ကွဲ၊ ရှေ့ဘန်ကာ ကျိုးပဲ့ပျက်စီး၊ ဝဲမီးလုံးနှင့် အမိုးကိုင်းများ ကျိုးပဲ့ပျက်စီးသွားပြီး ဆုံးရှုံးမှုခန့်‌မှန်းတန်ဖိုး (၇)သိန်းကျပ်ခန့် ရှိပြီး အများပြည်သူသွားလာရာ လမ်းပေါ်၌ ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သော ယာဉ်မောင်း စိုးထက်အောင်အား အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်