လားရှိုး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လမ်းရေကျော်ခြင်း၊ သစ်ပင်များကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက်(၆)ရှိ ရေစီးမြောင်းတွင် ရေကျော်မှုများဖြစ်ပေါ်ကာ လမ်းမကြီးပေါ်ရေကျော်ခြင်း၊ လူနေအိမ်များအတွင်း ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်မှုကြောင့်လည်း လွတ်လပ်ရေးပန်းခြံအတွင်းရှိ သစ်ပင်များလဲကျခြင်း၊ လားရှိုး-မန္တလေးလမ်းပေါ် လားရှိုးမြို့အဝင်တွင် သစ်ပင်များလဲကျခြင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ရုံးအနီးရှိ သစ်ပင်လဲကျခြင်းနှင့် ဓါတ်တိုင်ကျိုးကျခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ သူနာပြုသင်တန်းကျောင်းအတွင်းရှိ သစ်ပင်များကျိုးကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင်းရှိ နေရာအချို့တွင် သစ်ပင်ကျိုးကျခြင်းများကို လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကမ်းလင့်လက်ပရဟိတအသင်းတို့မှ အဖွဲ့ဝင်များက သစ်ပင်များရှင်းလင်းခြင်း၊ လမ်းပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်း၊ ရေဝင်ရောက်သော နေအိမ်များအတွင်းမှ ရေများစုပ်ထုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)