ပင်းတယမြို့နယ်အတွင်းရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ

ပင်းတယ ဇူလိုင် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချိုဦးဆောင်၍ ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ​အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား QR Code ပါသည့် ဂဏန်း (၁၀)လုံးပါသော Unique ID နံပတ်ပါ နံပါတ် ပြန်လည်ထုတ်ပေးလျက် ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းကို ပထမဦးတည်အုပ်စုအဖြစ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ စုစုပေါင်း (၁၀၁၇၁)ဦးကို လျာထားဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၁၉ ရက်နေ့အထိ (၁၃၆၃)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)