လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

လားရှိုး ဇူလိုင် ၂၀

မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က အဖွင့်အမှာစကားပြောကြားရာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြော အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့စကားပြောတတ်စေရန်၊ လူငယ်စကားဝိုင်းများတွင် တက်ရောက်နားထောင်ဆွေနွေးကြသည့် လူငယ်များ အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား သည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လားရှိုး)မှ ကျောင်းအုပ် ဒေါ်မာမာမင်းက လူငယ်စကားဝိုင်း ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး လူငယ်စကားဝိုင်းကို ကျင်းပသည်။

လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်နှင့်အတူ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများဖြစ်သည့် မသီရိခိုင်က “လူငယ်နှင့်မူးယစ်ဆေး”၊ မနှင်းယုစံက “ လူငယ်နှင့်စာဖတ်ခြင်း”၊ မမြင့်မူခင်က “လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ မဖူးပြည့်ပြည့်စံက “လူငယ်နှင့်အားကစား” ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် သင်တန်းသူလေးများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ သင်တန်းသူများ ဖတ်ရှုလေ့လာရန်အတွက် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)