ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှဆောင်ရွက်သော မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်   ဇူလိုင်  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊  ပြည်နယ်ရန်ပုံငွေကျပ် (၆၆.၁၂)သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းပေါ်ရှိ (33.5)km- (34.0)kmကြား အရှည်(၁၆၅)မီတာရှိ မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းကို  သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေး ပြည့်မီရေးအတွက်စနစ်တကျကြီးကြပ်၍ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင်(၇၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြေထိန်းနံရံများတောင်ကျရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးမည့်အပြင် ရေနှုတ်မြောင်းများလည်း ရေစီးရေလာကောင်မွန်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပ၍ လမ်းပန်းဆက်သွယ်ရေးလည်း ယခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လမ်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် ပြည်နယ်ရန်ပုံငွေကျပ်(၂၇.၅၀)သန်းဖြင့် RCC Box Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ ရန်ပုံငွေကျပ်ကျပ်(၇၇.၉၁)သန်းဖြင့် (၄၇၀)မီတာအရှည် ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရန်ပုံငွေကျပ် (၁၂၁.၄၀)သန်းဖြင့် (၃၀၅)မီတာ အရှည်ရှိ ကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ရန်ပုံငွေကျပ်(၉၅.၁၅)သန်းဖြင့် အရှည်(၂၇၅) မီတာရှိ ကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ရန်ပုံငွေကျပ် (၄.၉၄)သန်းဖြင့် လမ်းနယ် တိုင်များစိုက်ထူခြင်းလုပ်ငန်းများကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)