မန္တလေး၊ အောက်တိုဘာ ၁၃
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ ပထမနေ့စာအိတ် (First-day Cover)များကို မြန်မာ့စာတိုက်လုပ်ငန်း သက်ဆိုင်ရာစာတိုက်များတွင် ယနေ့ နံနက် ၉နာရီခွဲက စတင်ရောင်းချပေးခဲ့သည်။
မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရာတွင် အဓိကအသုံးပြုခဲ့သည့် ၁၉၃၇ ခုနှစ်ထုတ် Arriflex ကင်မရာနှင့် ရုပ်ရှင်အခန်းကဏ္ဍတွင်အဓိကပါဝင်ခဲ့သည့်ဖလင်ကို ရုပ်ရှင်အမှတ်သင်္ကေတအဖြစ်ထည့်သွင်းထားပြီး ခေတ်အဆက်ဆက်ဖြတ်သန်းကာ မြန်မာ့ရုပ်ရှင်အနုပညာရှင်များကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ရဲရဲရင့်ရင့်ရင်ဆိုင်ဖြတ်သန်းကျော်လွှားခဲ့မှုကို ဖော်ညွှန်းထားသည့် အနီရောင်ဖဲကြိုး၊ မြန်မာ့ရုပ်ရှင်ဖြတ်သန်းခဲ့သည့်ကာလကိုပေါ်လွင်စေရန် မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်သည့် ၁၉၂၀-၂၀၂ဝ စာသားနှင့် Myanmar Film 100th Anniversary စာသားတို့ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ယင်းတံဆိပ် ခေါင်းပေါ်တွင် ရိုက်နှိပ်ဖော်ညွှန်ထားသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ပထမနေ့တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First-day Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ကိုလည်း ရိုက်နှိပ်ပေးခဲ့သည်။
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကျင်းပရေးအခမ်းအနားဦးစီးကော်မတီနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်တွင်ကျရောက်မည့် နှစ် ၁၀၀ ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စီစဉ်ထုတ်ဝေ ရောင်းချပေးခြင်းဖြစ်ပြီး တံဆိပ်ခေါင်းမှာ ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းအမျိုးအစားဖြစ်သည်။
အဆိုပါတံဆိပ်ခေါင်းအား တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလုံးရေသုံးသိန်း၊ မန္တလေးစာတိုက်ကြီးအနေဖြင့် အလုံးရေကိုးထောင်အပါအဝင် တစ်တိုင်းလုံးတွင် အလုံးရေနှစ်သောင်း၊ ပထမနေ့စာအိတ် (First-day Cover)အား တစ်နိုင်လုံး အတိုင်း အတာအနေဖြင့် အလုံးရေသုံးထောင်၊ မန္တလေးစာတိုက်ကြီးအနေဖြင့် အလုံးရေတစ်ထောင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်