မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ကုန်စည်စီးဆင်းမှု ယခင်နှစ်ထက် သိသိသာသာ တိုးတက်ပြောင်းလဲလာ

မူဆယ် ဇူလိုင် ၂၀

၂၀၂၂ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်မှု အားနည်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ရောဂါပြန့်ပွားမှု ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် မြို့လေးဖြစ်သော မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ကုန်စည် စီးဆင်းမှုသည် ယခင်နှစ်ထက် သိသိသာသာတိုးတက်ပြောင်းလဲလာကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်စာရင်းများအရ သိရသည်။

အဆိုပါထုတ်ပြန်စာရင်းများအရ ယခင်နှစ်၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဇွန်လ (၂၃) ရက်နေ့ အထိ မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများအား မြန်မာ-တရုတ် နယ်စပ်ဂိတ်အသီးသီးမှ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း (၄၇၂.၉၉၅) သန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက် နေ့မှ ဇွန်လ (၂၃) ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း(၄၇၈.၆၅၉)သန်း ရှိကြောင်း သိရသည်။ ထို့အတူ ယခင်နှစ်၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဇွန်လ (၂၃) ရက်နေ့အထိ တရုတ်နိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများ နယ်စပ်ဂိတ်အသီးသီးမှ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်မှုသည် အမေရိကန်ဒေါ်လာသန်းပေါင်း(၇၆.၄၈၇)သန်း တင်သွင်းနိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အထိ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ သို့ကုန်ပစ္စည်းတင်သွင်းနိုင်မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၄၉.၃၄၀)သန်းအထိ သိသိသာသာ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ယခင်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ဇွန်လ(၂၃) ရက်နေ့အထိနှင့် ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အထိ ကာလတူသုံးလအတွင်း ထုတ်ပြန်စာရင်းများကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း တင်သွင်းနိုင်မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း(၆)သန်းကျော်အထိ တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း တင်သွင်းနိုင်မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀)သန်း နီးပါးခန့် သိသိသာသာကုန်စည်တင်သွင်းမှု တိုးတက်ပြောင်းလဲလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ် ပြန်စာရင်းများ အရသိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်