ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရ

ကျောက်ဆည် ဇူလှိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့်  ဆန်၊ စပါးနှင့် ယာသီးနှံများဖြစ်သည့် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုးနှင့် ငရုပ်၊ ဝါ၊ ပြောင်း စသည့်သီးနှံများ အဓိကထားစိုက်ပျိုးကြပြီး တောင်သူအချို့သည် မိသားစုအပိုဝင်ငွေရရှိရေး သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ကျားကာ ကျေးရွာအုပ်စု၊ ကုလကျေးရွာတွင် ကီလိုမာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေး ဆင်ပြေလျက်ရှိကြောင်း သိရှိသည်။

မာလကာပင်များ စိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်မာစေရန်နှင့် အသီးလုံးလှစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၂) ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း (၁၅) ပေခန့်ခြားကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများ သီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် မာလကာသီးများကို စက္ကူဖြင့်ပတ်ပြီး ပလတ်စတစ်အိပ်များဖြင့်စွပ်ထား ပေးရကြောင်း၊ အိပ်စွပ်ပြီး နှစ်လအကြာတွင် မာလကာသီးများ ခူးဆွတ်ရကြောင်း သိရသည်။

ရောင်းချရာတွင် အသီးနည်းပါက လက်လီရောင်းချပြီး အသီးလှိုင်လှိုင်ပေါ်ပါက သစ်သီးပွဲရုံးများတွင် တင်ပို့ပြီး အသီးအကြီးအသေးအပေါ် မူတည်ပြီး တစ်လုံး လျင် ငွေကျပ် (၈၀) မှ (၁၅၀) ကျပ်ဖြင့် ရောင်းချရကြောင်း၊ မိသားစု အပိုဝင်ငွေရရှိရေး ကီလိုမာလကာ အပင် (၂၀၀) တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် သင်ပျိုကျေးရွာမှ ကီလိုမာလကာခြံပိုင်ရှင်  ဒေါ်မာမာလွင်က ‌ပြောပြသည်။

သက်မောင်