မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊စာအုပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်

မန်တုံ ဇူလိုင် ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများ ဆောင်ရွက်ပေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက်ပိုင်း အချိန်က မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကို သိရှိစေရန်နှင့် စာကြည့်တိုက်တွင် စာအုပ်စာစောင်များလာရောက်ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်၊ စာဖတ်ခြင်း ဖြင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲပြသရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားပြီး  နံရံကပ်စာစောင်တွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် (၉)ဦး တို့၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်းအရာများ၊ ဗိုလ်ချုပ်မိန့်ခွန်းများနှင့် ခင်းကျင်းပြသထားသော စာအုပ်စာစောင် များအား အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)