နမ့်စန်(တ) ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဇူလိုင်(၁၈)ရက်နေ့ ညနေ ၆ နာရီခွဲချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မစည်ပင်သာယာဈေး အနီး အမှတ်(၅)ရပ်ကွက်နေ ဦးကျော်မြင့် နေအိမ်အတွင်းရှိ အမြင့်ပေ ၉၀ ကျော်ခန့်၊ လုံးပတ် ပေ ၃၀ ခန့်ရှိ သက်တမ်းရင့် ညောင်ပင်တစ်ပင် အမြစ်လန်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါညောင်ပင်သည် အမှတ်(၅)ရပ်ကွက်နေ ဦးကျော်မြင့် ခြံဝန်းအတွင်းမှတစ်ဆင့် အိမ်ချင်းကပ်ရက် အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်လတ်ချ်မီး အိမ်ဘက်သို့ လဲကျကာ ဒေါ်လတ်ချ်မီးအိမ်၏ နေအိမ်အမိုးသွပ် ၈ပေသွပ် ၆ ချပ်ခန့်နှင့် အုတ်တံတိုင်း ပေ ၄၀ ခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
အဆိုပါသစ်ပင်လဲကျရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်တန်းလူငယ်၊ ရောင်စုံပန်းခင်းနှင့် ကရုဏာရှင် လူမှုကူညီရေးအသင်းအဖွဲ့များက ချက်ချင်းသွားရောက်၍ လဲကျပိတ်ဆို့နေသော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)