တာမိုးညဲ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ရွှေဖီမြေဟု တင်စားခေါ်ဝေါ်ရသော လက်ဖက်ပေါသည့်မြေ၊ တာမိုးညဲမြို့တွင် ဒေသထွက်အသီးအနှံများဖြစ်သော လက်ဖက်၊ တောင်ပေါ်မျှစ်၊ တညင်းသီး၊ လိုက်ချီးသီး၊ ပိန္နဲသီးနှင့် မက်မန်းသီးများ၊ ရာသီအလိုက်အသီးများနှင့်ဟင်းသီး ဟင်းရွက်များ လှိုင်လှိုင်ပေါများ လျက်ရှိရာဇွန်လနှင့် ဇူလိုင်လထဲတွင် သီးမှည့်တတ်သော ဒေသထွက် မက်မန်းသီးများသည် ဈေးကောင်းဖြင့် ရောင်းချရ၍ တဖက်တလမ်းမှ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိ ပါသည်။
တာမိုးညဲမြို့တွင် မက်မန်းပင်များသည်ဧပြီလနှင့်မေလထဲတွင် သီးလုံးများ စတင်သီးပွင့်ခဲ့ပြီးဇွန်လ နှင့်ဇူလိုင်လတွင် ကောင်းစွာ ဝင်းမှည့်ခဲ့ကာမိသားစုစားသောက်ရန်အပြင် မက်မန်းဝိုင်များ ပြုလုပ်ရန် ခူးဆွတ်လျက်ပိုလျှံသောကြောင့် မြို့မဈေးများ၊ ပျံကျသစ်သီးဈေးတန်းများနှင့် ရပ်ကွက်ဈေးငယ် များတွင် ပင်ရောင်းချလျက်ရှိပါသည်။ တာမိုးညဲမြို့တွင်ဒေသခံတိုင်းရင်းသားများသည် လက်ဖက်ကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသရှမ်းစပါး၊ ကြံတို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိမိတို့နေ့ အိမ်များတွင် အလေ့ကျပေါက်ရောက်သော ရာသီပေါ်အသီးအနှံများကို ခူးဆွတ်ရောင်းချခြင်းဖြင့် ဖြင့်လည်း မိသားစုအပိုဝင်ငွေ ရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိပါသည်။ ရှမ်းပြည်နယ်အတွင်းတွင် ဒေသပေါက်ပင်များဖြစ်သော မျှစ်၊ တညင်းပင်၊ လိုက်ချီးပင်၊ သစ်တော်ပင်နှင့် မက်မန်းပင်တို့သည် ဒေသပေါက်ပင်အဖြစ် အလေ့ကျပေါက်ရောက်လျက်ရှိရာ ရာသီပေါ်ချိန်တွင် ခူးဆွတ်ရောင်းချရသောကြောင့် ဒေသခံတိုင်းရင်းသားများ အပိုဝင်ငွေ ရရှိလျက်ရှိပါသည်။
“ကိုယ့်အိမ်ထဲက အပင်တွေကပဲ ခူးရောင်းတာပါ။မက်မန်းသီးအချိုသီးဆို တစ်ပြည်ကို မြန်မာငွေ (၄၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်အထိရောင်းရတယ်။မက်မန်းသီး ပုံမှန်အချဉ်သီးကိုတော့ တစ်ပြည်ကို မြန်မာငွေ(၃၀၀၀)ကျပ် ရောင်းရပါတယ်။ ရာသီပေါ်သီးနှံတွေခူးရောင်းတာဆိုတော့ ရောင်းရသမျှက အမြတ် ပဲလေ။ အရမ်းရောင်းရတယ် တချို့ပွဲစားတွေဆိုရှိသလောက်လာဝယ်တယ် ဗမာပြည် အညာဖက်တွေ ပြန်ရောင်းကြတယ်”လို့ တာမိုးညဲမြို့၊ မြို့မဈေးအတွင်းမှ မက်မန်းသီးရောင်းချသူ ဒေသခံတိုင်းရင်းသားထံမှ ကြားသိရပါသည်။
တာမိုးညဲ(ပြန်/ဆက်)