မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ (Talk Show) ဆောင်ရွက်

မန္တလေး ဇူလိုင် ၂၀

မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၁၁)နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် စာရေးဆရာ ကဗျာဆရာ မင်းမြတ်မိုး (မန်းမြေ)က ဦးဆောင်ဆွေးနွေးကြပြီး လူငယ်များရွေးချယ်ဖတ်ရှု့သင့်သည့် စာပေများ၊ စာဖတ်ခြင်းသည် စိတ်ဖိစီးမှုကိုပြေလျော့ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေကြောင်း၊ ကလေးငယ်များကို ငယ်စဉ်က စာပေဖတ်ရှုသည့်အလေ့အကျင့် ပျိုးထောင်ပေးသင့်ကြောင်း၊ စာပေဖတ်ရှုခြင်းသည် ဗဟုသုတ တိုးပွားရုံသာမက အာရုံစူးစိုက်မှုကိုအားကောင်းစေပါကြောင်း၊ သုတစာပေက ဗဟုသုတအချက်အလက်များရရှိစေပြီး ရသစာပေက အခြားသူများအား အခက်အခဲများကို စာနာနားလည်နိုင်ပြီး မိမိကိုယ်ကိုနူးညံ့သိမ်မွေ့နိုင်စေပါကြောင်း၊ လူငယ်များစာဖတ်အားကောင်းစေရန် ကျပန်းစကားပြောပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ အစရှိသည့်ပြိုင်ပွဲများကို ပြုလုပ်သင့်ပါကြောင်း အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်