တောင်ကြီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီး  ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြား ရာတွင် ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်ကျောင်းများစုစုပေါင်း (၁၇၅)ကျောင်း ရှိသည်ဟု သိရပြီး ကိုယ်ပိုင်ကျောင်းများအားလုံး ကျောင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် မူဘောင်အတွင်း ဆောင်ရွက်ထားကြသည့်အတွက် မှတ်ပုံတင်ခွင့်၊ ကျောင်းအသစ်ဖွင့်လှစ်ခွင့်၊ သက်တမ်းတိုးခွင့် အစရှိသဖြင့် အသီးသီး အခွင့်အလမ်းတွေရရှိပြီးဖြစ်ကြောင်း၊ အသစ်စမ်းသပ် (၁)နှစ် ဖွင့်လှစ်ခွင့်၊ ယာယီ (၂)နှစ် သက်တမ်းတိုးခွင့်ရရှိထားသည်နှင့်အမျှ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပြဌာန်း ထားသည့်အတိုင်း လိုက်နာဆောင်ရွက် ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေတနည်းအား ဖြင့် ၂၀၁၁-ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၄) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများအား မိမိသဘောဆန္ဒ အလျောက်မလုပ်ကြဘဲ ဥပဒေနည်းဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ရန်ပြောကြား လိုကြောင်း၊ အခက်အခဲ ရှိသည်များ၊ ဆွေးနွေးမေးမြန်းလိုသည်များကို တင်ပြဆွေးနွေးကြရန်နှင့် ရှေ့ဆက်ပြီး ပညာရေး တိုးတက်အောင်မြင်ရန်၊ သင်ယူရန်အခွင့်အရေးများ အပြည့်အဝပေးနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ မှာကြားချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ပညာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဦးဇော်မြင့်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပညာရေးဥပဒေအမိန့်အမှတ်(၅၀/၂၀၂၃) အားရှင်းလင်းဖတ်ကြားကြောင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှ ကိုယ်စားလှယ်များက လုပ်ငန်းနှင့် ပတ်သက်သည်များ ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)