သံတွဲ ဇူလိုင် ၂၀
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါအဆောက်အဦရှိ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) ဥက္ကဋ္ဌ ဦးစောလှိုင်က ဆုရွေးချယ်မှုဆိုင်ရာများကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှဟန်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ယခုလိုပြိုင်ပွဲများကျင်းပပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူလေးများ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများသိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊အတွေးအခေါ်ရင့်သန်လာစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)