မောင်တော ဇူလိုင် ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေး ဟောပြောခြင်းကို ဇူလိုင် ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ မေယုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မောင်တောမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသော ပဲခူးတိုင်းကိုယ်စားပြု ဒေါက်တာမောင်မောင်မျိုးသိန်းက မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရသည့် အခြေအနေများ ၊ ရောဂါလက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိ ပညာပေး ဟောပြောပွဲသို့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကိုကို ၊ မြို့မရဲစခန်းမှူး ထွန်းနိုင်နှင့် တာဝန်ရှိသူများ ၊ တပ်ဖွဲ့ဝင် မိသားစုဝင် များ ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးလုပ်သားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ၊ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ ဘုရား ညောင် ရေအိုးများအား စစ်ဆေးခြင်း ၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခတ်ပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)