သံတွဲ ဇူလိုင် ၁၉
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင် ရေးသားမှု ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေ ချစ်မြတ်နိုးသူများအဖွဲ့ ( Book Club ) ဥက္ကဋ္ဌ ဦးစောလှိုင်က ဆုရွေးချယ်မှုဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာအတွေးအမြင် ရေးသားမှုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှဟန်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ယခုလို ပြိုင်ပွဲများကျင်းပပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူလေးများ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊ အတွေးအခေါ် ရင့်သန်လာစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
သန့်ဇင် ( ပြန်/ဆက်)