ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ အရှေ့သပြေသာကျေးရွာ တောင်သူဦးအေးလွင်၏ မြေ(၃)ဧကတွင် စိုက်ပျိုး ထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နနွင်းသီးနှံစိုက်ပျိုးမည် ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅) လက်မအကွာစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးနှင့် အတက်မျိုးဟူ၍  အမျိုးမျိုးစိုက်ပျိုးကြောင်း စိုက်ပျိုးပြီးမြေအစိုဓာတ်မပြတ်စေရန် ရေသွင်းပေးရကြောင်း နနွင်း(၁)ဧက စိုက်ပျိုးမည်ဆိုပါက ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၇)သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။

 နနွင်းသီးနှံသည် စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး  ဈေးကွက်တွင် ချိုးယူ ရောင်းချပါက နနွင်းတစ်ဧကတွင်ငွေကျပ်(၇)သောင်းခန့်ရကြောင်း၊ (၈)လကျော်တွင် နနွင်းများတူးဖော်ရကြောင်း၊ တူးဖော်ရာ၌ နနွင်းတစ်ဧကတွင် အစိုအချိန်(၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာထွက်ရှိပြီး နနွင်းအခြောက်အနေဖြင့် (၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာ ခန့်ရရှိကြေင်း နနွင်းစိုက်တောင်သူများထံမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နနွင်းသီးနှံများကို လက်ပံပင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပတ္တိုင်-မြောင်းဦး- အနောက်သာဂရ- ရွာပုလဲ- ကတဲ- ပနံ- ဇရပ်ဖြူ- ညောင်ရွေ- သင်ပုတ်- ဇရပ်ဖြူ- ငါးအိုး-အနောက်ရွာနန်း- လက်ပန်- ညောင်ဝန်း- ကြောင်ပန်းကုန်း- သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်-ပြည်တော်သာ- ရှမ်းတောင်ဦး- ပုထိုးနီကုလားကျောင်း- မင်းစု- စပါယ်တော- ရွှေအင်း- လေးဆယ်ကုန်း-တော်တွင်- မြေစိုပါယ်-ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်း- ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာ အုပ်စုများတွင် စိုက်ပျိုးကြောင်း သိရသည်။

သက်မောင်