မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ် စွမ်းအားများပြည့်ဝစေပြီးစာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး‌ မြောက်ဥက္ကလာပမြို့နယ်ပညာ‌ရေးမှူး ဒေါ်မို့မို့ခိုင်မှ အမှာစကား‌ပြောကြားခဲ့ကြောင်းသိရသည်။

 

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်မြမြဝင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ကျော့ကျော့လွင်တို့က ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစားလူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာပေ အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာလေးက ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာ‌ပေး၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်‌ရေးအတွက် အမျိုးသမီးများသိသင့်‌သော ဥပ‌ဒေများအကြောင်း၊ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)