ကချင်ပြည်နယ်အတွင်း ခရီးသွားများ တစ်နှစ်ထက်တစ်နှစ်ဝင်ရောက်မှု နှုန်းမြှင့်တက်လာပြီး ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်းနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်များအတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုပေးနိုင်ခဲ့

မြစ်ကြီးနား ဇူလိုင် ၁၉

ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(၂)နှစ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၉)လုံး၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်း(၆၁)ခုနှင့် ‌ဒေသဆိုင်ရာဧည့်လမ်းညွှန်(၁၆၇)ဦးတို့အတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုချထားပေးနိုင်ခဲ့ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၌ ပြည်တွင်း/ ပြည်ပဧည့်သည် (၇၁၇၇၁)ဦး၊ ၂၀၂၂ ခုနှစ်တွင် (၁၈၄၁၁၁)ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန် အထိ(၇၀၇၈၈)ဦး ဝင်ရောက်ခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ခရီးသွားများလာရောက်မှုနှုန်းမြှင့်တက် လာနေကြောင်း သိရှိရပြီး ဝင်ငွေရရှိမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကျပ် (၁၃၅၃.၉) သန်းနှင့် အမေရိကန် ဒေါ်လာ (၁၆၆၃၅)၊ ၂၀၂၂ ခုနှစ် ကျပ်(၃၂၄၉.၁)သန်းနှင့် အမေရိကန်ဒေါ်လာ (၄၇၅၃၅)၊ ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ကျပ်(၁၃၃၃)သန်းနှင့် အမေရိကန်ဒေါ်လာ (၁၀၇၈၅) ရရှိခဲ့သည်။

ထို့အတူ နိုင်ငံခြားသားဝင်ရောက်မှုအနေဖြင့် နိုင်ငံပေါင်း (၆၀)မှ နိုင်ငံခြားသားခရီးသည်(၁၅၈၆)ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နိုင်ငံခြားသားဧည့်သည် (၈၈၅)ဦး ဝင်ရောက်ခဲ့မှုသည် ယခင်နှစ်က ဝင်‌ရောက်သည့် လူဦးရေထက် (၄၂၉)ထိ များပြားလာကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့်ကချင်ပြည်နယ်တွင် အထင်ကရဖြစ်ပြီး ခရီးသွားများအား အဓိကဆွဲဆောင်နေသည့် ပူတာအိုဒေရှိ ရေခဲတောင်ခရီးစဉ်များတွင်  ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးစဉ်အနေဖြင့် ၂၀၂၂ ခုနှစ် မတ်လတွင် ခရီးသည်(၇)ဦး၊ ဒေသဧည့်လမ်းပြ(၄)ဦးနှင့် အထမ်းသမား(၇)ဦး စုစုပေါင်း(၁၈)ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ခရီးသည် (၇)ဦး၊ ဧည့်လမ်းပြ (၅)ဦးနှင့် အထမ်းသမား (၈)ဦး စုစုပေါင်း(၂၀)ဦးတို့ဖြင့်လည်းကောင်း တက်ရောက်နိုင်ခဲ့ကြောင်း အဆိုပါအစည်းအဝေးမှ သိရှိရသည်။

အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုဖြစ်ပေါ်လာစေရေး အဆင့်မြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ပူတာအိုဒေသအား ရေခဲတောင်များ အပါအဝင်သဘာဝအလှအပများစွာရှိသည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွား မြို့တော်ဖြစ်လာစေရေး ဒေသခံပြည်သူများ၊ ပူတာအိုခရိုင် ခရီးသွားစီမံခန့်ခွဲရေးအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်