မော်လမြိုင်မြို့အတွင်း မြေနိမ့်ရပ်ကွက်များ၌ ရေဝင်ရောက်လျက်ရှိသော နေအိမ်ရှိ ပြည်သူများအား ရေဘေးလွတ်ရာနေရာသို့ ယာယီပြောင်းရွှေ့

မော်လမြိုင် ဇူလိုင်  ၁၉

မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့်  မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များသို့ ယနေ့နံနက်ပိုင်းက ရေများ ၄ ပေခန့် ဝင်ရောက်လာသဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

ရေကြီး‌ရေလျှံမှုများကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ရေများ၀င်ရောက် လာသဖြင့် စျေးကြိုရပ်ကွက်ရှိ အိမ်ထောင်စု ၆၄ စု လူဦးရေ ၂၃၈ ဦးအား စျေးကြိုရပ်ကွက် ဓမ္မက္ကာရီဓမ္မာရုံသို့လည်းကောင်း၊ ဇေယျာမြိုင်ရပ်ကွက် အိမ်ထောင်စု ၂၁ စု လူဦးရေ ၆၇ ဦးအား အမက (၁) ဇေယျာမြိုင်သို့လည်းကောင်း၊ လှိုင်ရပ်ကွက်ရှိ အိမ်ထောင်စု ၅၁ စု လူဦးရေ ၂၃၀ ဦးအား ရတနာသိင်္ဂဘုန်းကြီးကျောင်းသို့လည်းကောင်း၊ အိမ်ထောင်စု ၁၄စု ၊ လူဦးရေ ၇၀ ဦးအား ဇမ္ဗူဒီပါဘုန်းကြီးကျောင်းသို့လည်းကောင်း၊ စုစုပေါင်း လူဦးရေ ၆၀၅ ဦးအား ရေကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာမှ ရွှေ့ပြောင်းပေးထားကြောင်းသိရသည်။

 ဆက်လက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်  ရွှေပြည်အေး၊ ဒိုင်းဝန်ကွင်း၊ မြိုင်သာယာ၊ သုခဝတီ၊ ရွှေမြိုင်သီရီ၊ အင်းယားလမ်း၊ လှိုင်ရပ်ကွက် တို့ရှိ ပြည်သူများအားလည်း မီးသတ်တပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များက သွားရောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်