ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ဇေယျာသီရိ ဇူလိုင် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများအားဖိတ်ခေါ်၍ လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာ အပြင် ပြင်ပအသိပညာဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်း ရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ  ပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ ၂၅ ဦးတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်များပြပွဲအား ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)