မင်္ဂလာစျေး (ယာယီ) အတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်များအား ရန်ကုန် တိုင်းဒေသကြီး ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ရောင်းချမှုရှိစေရေး စစ်ဆေးဆောင်ရွက်

မင်္ဂလာတောင်ညွန့်       အောက်တိုဘာ     ၁၃


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာစျေး (ယာယီ) အတွင်းဖွင့်လှစ် ရောင်းချနေ သည့် ဆေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိစေရေး အတွက် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်ဦးဆောင်၍ တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ အိမ်သုံးဆေးဝါးပြတ်လပ်မှု မရှိစေရေးအတွက် မင်္ဂလာစျေး (ယာယီ) အတွင်းရှိ အိမ်သုံး ဆေးဝါးဆိုင်များအား ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ရာ ရောင်းချသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ / မရှိတို့ကို စစ်ဆေးခြင်းနှင့် အသိ ပညာပေးခြင်းများကိုလည်း စျေးဆိုင်ခန်းများတစ်လျှောက် ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါလုပ်ငန်းများအား ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဦးဆောင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် (၇) ဦးဝင်းမြင့်သန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင် (၁) ဒေါ်သီသီခိုင်၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့တို့က လိုက်ပါ၍ စျေးတာဝန်ခံအဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)