မောင်တော ဇူလိုင် ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး ပညာသင်တန်းကျောင်းတွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့မှ ကြီးမှူးဖွင့်လှစ်သည့် ပန်းအလှဆင် ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ပန်းအလှဆင် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ရခြင်းများနှင့် ပတ်သက်၍ အတတ်ပညာတစ်ခု တတ်မြောက်ခြင်းအားဖြင့် မိသားစု ဝမ်းရေးအတွက် အဆင်ပြေကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးမည့် အခမ်းအနားများတွင် အသုံးပြုနိုင်သည့် ပန်းအလှဆင် နည်းစနစ်များ၊ ပန်းအမျိုးမျိုးနှင့် အလှဆင်ပန်းအိုးများ ပြုလုပ်ရခြင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို နည်းပြများက သင်ကြားပို့ချမည့်ဖြစ်ရာ သင်တန်းသူ ၃၀ ဦးက တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)