တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဟိန်းမေတ္တာကုမ္ပဏီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တာချီလိတ် ဇူလိုင် ၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားသဘောတူစာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စုရှိ ဟိန်းမေတ္တာကုမ္ပဏီ (SETCL-43, 44) လုပ်ကွက် ချက်ကန်ဟောင်းနှင့် စွန့်ပစ်မြေစာပုံပေါ်တွင် ယနေ့ နံနက် ၉ နာရီက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိန်းမေတ္တာကုမ္ပဏီ၏ ဒါရိုက်တာ ဦးငြိမ်းချမ်းထွန်းက ပျိုးပင်များပေးအပ်ရာ တာချီလိတ်ခရိုင်၊ ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့ဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူပြီး ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများက မန်ဂျန်ရှား ၁၄၃၀ ပင်၊ မဲဇလီ ၁၀၀၀ ပင်၊ စုစုပေါင်း ၂၄၃၀ ပင်ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသော တာချီလိတ်မြို့နယ်အတွင်း ကုမ္ပဏီ ၁၁ ခု၊ လုပ်ကွက် ၂၁ ကွက်ရှိသည့်အနက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ကုမ္ပဏီ ၇ ခု၊ လုပ်ကွက် ၁၃ ကွက်မှ စုစုပေါင်းမြေဧက ၂၅.၈၅ ဧကပေါ်တွင် မန်ဂျန်ရှား ၁၃၆၉၂ ပင် စိုက်ပျိုး ပြီးဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)