ဗန်းမော်မြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ဗန်းမော် ဇန်နဝါရီ  ၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဗန်းမော်မြို့ စုပေါင်းရုံးရှေ့၌ ကျင်းပရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ၊ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသူများ၊ အခြေခံပညာကျောင်းသား ကျောင်းသူများတို့က တက်ရောက်ခဲ့ကြရာ ဗန်းမော်မြို့မရဲစခန်းမှ ဒုရဲအုပ် စိုးထွန်းနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များက ဦးဆောင်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အလံအား အလေးပြုကြပြီး  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ဖတ်ကြားသည်။

ယင်းနောက် ဗန်းမော်ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများတို့က စုပေါင်းလှူဒါန်းသော ငွေသားနှင့်ပစ္စည်းများကို အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့် တာဝန်ရှိသူများက ကံစမ်းမဲ ပေါက်မဲပေါင်း(၁၂ဝ)ဆုကို မဲဖောက် ကံစမ်းပေးခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)