မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပ

မူဆယ် ဇူလိုင် ၁၈

၂၀၂၃ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် အခြေခံပညာရေးဌာနမှ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အာဇာနည်နေ့ ဟောပြောပွဲကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာကြီး ဦးသောင်းထွန်ဌေးက အာဇာနည်နေ့နှင့်ပတ်သက်၍ ရင်နှင့်ဖွယ်အဖြစ်အပျက်များ၊ အမျိုးသား ဗိသုကာ၊ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္ထိ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ နိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်း အားထုတ်ခဲ့ပုံများ၊ အာဇာနည်(၉)ဦး၏ တွဲလက်ညီညီ လွတ်လပ်ရေးအတွက် တိုက်ထုတ်ခဲ့ပုံများနှင့် ယနေ့ခေတ်လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နှစ်စဉ်ဇူလိုင်လ(၁၉)ရက်နေ့တွက် ကျရောက်သည့် အာဇာနည်နေ့ကို မမေ့သင့်ကြောင်း၊ထာဝစဉ် ရင်ထဲကိန်းဝပ်တည်ရှိ နေရမည်ဖြစ်ကြောင်း အာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်‌ ဟောပြောခဲပါသည်။ အဆိုပါ အာဇာနည်နေ့ဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ အတန်းပိုင် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ ဝင်များနှင့် ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများသည် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းများအလိုက် အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊  ပန်းချီပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ကျပန်းစကား ပြောပြိုင်ပွဲများနှင့် ဟောပြောပွဲများကို နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)