နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များဆောင်ပြီး မောင်းနှင်စေရေး၊ မော်တော်ယာဥ်များ မောင်းနှင်ရာတွင် အသက်ကယ်ခါးပတ်များ ပတ်ပြီးမောင်းနှင်စေရေး၊ အရက်သေစာသောက်စားပြီး မမောင်းစေရေး၊ သတ်မှတ်မိုင်နှုန်းကျော်လွန် မမောင်းစေရေးတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်၊ ပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းများလိုက်နာ​စေရေးအတွက် အသိပညာပေးလုပ်ငန်းများကိုအလေးထားပြီး ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့်ဌာနများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ညနေပိုင်းတွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် မူဝါဒနှင့်အညီ လယ်ယာကဏ္ဍမှာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်​ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးအတွက်(မျိုး၊ မြေ၊ ရေ၊ နည်း)ဟူသည့် နည်းလမ်း(၄)ရပ်ကို တစ်ခုမှလစ်ဟာမှုမရှိအောင် ဆောင်ရွက်စေလိုကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်  သက်ဆိုင်ရာဌာနဆိုင်ရာများက အလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စားရေရိက္ခာဖူလုံရေးနှင့် ဝမ်းစာပြည့်မီရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်နှင့် မွေးမြူရေးလုပ်ငန်းရှင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)