ပျဉ်းမနား ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ တစ်နိုင်တစ်ပိုင် မုန်ညင်းစိုက်ပျိုးရောင်းချခြင်းမှ မိသားစုအပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။
“ခြောက်လမုန်ညင်းမျိုးကို သက်ငယ်၊ သက်လတ်နဲ့ သက်ကြီးဆိုပြီး သုံးမျိုးခွဲပြီး စိုက်ပျိုးပါတယ်။ သက်ငယ်မုန်ညင်းမျိုးကိုတော့ ဝါဆိုလနဲ့ ဝါခေါင်လတွေမှာ စိုက်ပျိုးပါတယ်။ သက်လတ်မုန်ညင်းမျိုးကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ စိုက်ပျိုးပြီး သက်ကြီးမုန်ညင်းမျိုးကိုတော့ တန်ဆောင်မုန်းလ ကနေ တပေါင်းလအထိ စိုက်ပျိုးရောင်းချပါတယ်။ မုန်ညင်း ၁ဝ စည်းပါ တစ်ထုံးကို ငွေကျပ် ၂၅၀၀ နဲ့ ဖောက်သည်သွင်းပြီး မြို့ပေါ်ဈေးတွင်လည်း ရောင်းချပါတယ်” ဟု မုန်ညင်းစိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ ခြောက်လမုန်ညင်းမျိုးကို တစ်နှစ်လျှင်သုံးကြိမ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိသဖြင့် စိုက်ပျိုးသူများ အနေဖြင့် ဝင်ငွေများ တိုးပွားလျက်ရှိကြောင်း၊ မုန်ညင်းအပြင် တခြားရာသီပေါ် သီးနှံများဖြစ်သည့် ဘူးသီး၊ ခဝဲသီး၊ ငရုတ်၊ ဗိုလ်စားပဲ၊ သခွား၊ ပဲတောင့်ရှည်နှင့် ကြက်ဟင်းခါးသီးစသည့် သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)