ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်၊ စာစောင်ပြပွဲများပြုလုပ်

ကွတ်ခိုင် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နေ့လည် ၁ နာရီက ပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဟောပြောပွဲကို‌ပြုလုပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌ဌေးဌေးဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံကြိုးစားခဲ့ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကို ကျောင်းသား၊‌ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံများကိုပြသထားပြီး အခြားဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များနှင့် မဂ္ဂဇင်းတို့ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ဂိမ်းပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)