ဒဂုံအရှေ့ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အတွေး အခေါ် မှန်ကန်စေရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်သော လူစွမ်းအား အရင်းအမြစ်များ ဖြစ်လာရန် အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်အတွက် ယခုလိုလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းဖြစ်ကြောင်းနှင့် လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက အားကစားဆိုင်ရာ အကြောင်းအရာများ အသိပညာပေး ဟောပြော၍ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ဒဂုံအရှေ့မြို့နယ် စာရေး ဆရာအသင်း အမှုဆောင်အဖွဲ့ဝင် ဦးလပြည့်ဇင်(လက်ယာမေတ္တာတံခွန်)က (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်စိတ်ဓာတ်၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ အစရှိသည်တို့ကို ဟောပြော ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အ.ထ.က(၅) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေး၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်များ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်၊ အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်များကို မြို့နယ်အ.ထ.က (၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)