မိုးညှင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်

မိုးညှင်း ဇူလိုင် ၁၈

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲကို ယနေ့နံနက်(၁၁)နာရီက ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဆိုပါအခမ်းအနားနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့သမိုင်းမှာ တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲဝမ်းနည်းဖွယ် နေ့တနေ့ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးချစ်စိတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ် စေတနာအမှန်တို့ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသော အာဇာနည်တို့၏ ဂုဏ်ရည်ကို ကမ္ဘာတည်သရွေ့ မေ့ပျောက်၍ မရနိုင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝေဝေဟိန်းက “ကမ္ဘာတည်သရွေ့ မမေ့နိုင် ၁၉ ဇူလိုင်” ဟူသောခေါင်းစဉ်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်း အချက်အလက်များနှင့် သမိုင်းဖြစ်စဉ်အကျဉ်းကို ကျောင်းသားကျောင်းသူများ သိရှိနားလည်ပြီး အတုယူ အားကျနိုင်စေရန်အတွက်ရည်ရွယ်၍ ပြောကြားခဲ့သည်။

ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)