ကိုကိုကျွန်းမြို့နယ်၌ (၇၆)ကြိမ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ကိုကိုးကျွန်း  ဇူလှိုင်   ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမတွင် (၇၆)ကြိမ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အထက်တန်းပြဆရာမ ဒေါ်တိုးတိုးဝင်းမှ အာဇာနည်၏အဓိပ္ပါယ်နှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏အကြောင်းကို အကျယ်တဝင့်ဟောပြောခြင်း၊ အထက်တန်းပြဆရာမ ဒေါ်ဌေးသန္တာနွယ်မှ အာဇာနည်နေ့ ပေါ်ပေါက်လာပုံခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ အလယ်တန်းပြဆရာ ဦးပြည့်စုံလင်းမှ အာဇာနည်နေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် ၄င်းအသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် လေ့လာမှတ်သားနိုင်စေရန် ခင်းကျင်းပြသထားသော အာဇာနည်နေ့နှင့်သက်ဆိုင်သည့် နံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ၊ အာဇာနည်နေ့နှင့် သက်ဆိုင် သည့် ကဗျာ၊ ဆောင်းပါး၊ ကာတွန်းနှင့် ပန်းချီစသော အကြောင်းအရာများကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ လေ့လာဖတ်ရူ့ခဲ့ကြကြောင်း သိရသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာဖြေဆိုခြင်း၊ ဆောင်းပါးပြိုင်ပွဲများကို နေ့လယ်(၁၂:၀၀)အချိန်တွင် ဆက်လက်ပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်အား (ဒို့များမမေ့နိုင် ၁၉-ဇူလှိုင်၊ အလယ်တန်းအဆင့်အား (မမေ့စဉ်လာအာဇာနည်နေ့ အချိန်အခါ၊ အထက်တန်းအဆင့်အား (လေးမြတ်ဂုဏ်ရည် အာဇာနည်ခေါင်းစဉ်များဖြင့်၄င်း၊ ကဗျာဖြေဆိုပြိုင်ပွဲတွင် အလယ်တန်းအဆင့်အား  (အာဇာနည်မြတ်မမေ့အပ်) အထက်တန်းအဆင့်အား (သမိုင်းမော်ကွန်းတည်  ကိုးဦးအာဇာနည်) ခေါင်းစဉ်များဖြင့်၄င်း ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် (အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်စသော ခေါင်းစဉ်များဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၂)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကိုကိုကျွန်း(ပြန်/ဆက်)