ကြည့်မြင်တိုင် ဇူလိုင် ၁၈
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အသိပညာပေးဟောပြောဆောင်ရွက်ခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇာလင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည် ၉ ဦးတို့၏ အတ္ထုပ္ပတ္တိအကျဥ်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားခဲ့ပုံများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားလာစေရန် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပြီ နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)