ငါန်းဇွန်၊ အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ ၌ ယမန်နေ့ နံနက် ၁၀နာရီခွဲက ငါန်းဇွန်မြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံ ကိန်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်း (မြိုနယ် အုပ်ချုပ်ရေးမှူး) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထွေးနုငယ်က ဒေသန္တရစီမံကိန်း ကဏ္ဍကြီးများအလိုက် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်များကို လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ရင်းနှီးမြုပ်နှံမှု လျာထားချက်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်သွား ရန်အတွက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအား လုပ်ငန်းတာဝန် စာရင်း အချက်အလက်များ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက် ပြည့်မီရေး၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံကိန်းရေး ဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
သက်နောင်ဦး(ငါန်းဇွန်)