မြစ်ကြီးနား ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ လူငယ်များ အသိပညာဗဟုသုတတိုးပွား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စာပေဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ဟောခန်းမ၌ လူငယ်စကားဝိုင်းကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးအောင်သူက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းအား စတင်ကျင်းပရာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှူး ဦးကျော်ထက်နှင့် စာရေးဆရာ အကြီးကိုကို (ကသာ)တို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ပြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ မောင်တိုးဇော်လွင်၊ မောင်စိုင်းလင်းထက်ကို၊ မောင်ကောင်းခန့်ပိုင်ဦး၊ မရတနာစောဦး၊ မနန်းနုနုယဉ်၊ မသိမ့်သိမ့်သူနှင့် မခြူးသီရိနိုင်တို့က လူငယ်စာပေနှင့် အနာဂတ်တိုင်းပြည်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ မိဘနှင့်သားသမီးဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူများက ဖြည့်စွက် ဆွေးနွေးပေးသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပါဝင်ဆွေးနွေးကြသူများအား အမှတ်တရ ဆုတံဆိပ်များနှင့် ဆုလက်ဆောင်များပေးအပ်ခဲ့ကြကာ အဆိုပါ တက္ကသိုလ်အတွက် ကချင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများနှင့် ပြည်နယ်စာကြည့် တိုက်များဖောင်ဒေးရှင်းမှ ငွေကျပ် တန်ဖိုး (၂) သိန်းရှိ သုတ/ရသစာအုပ်များ လှူဒါန်းပေးအပ် ခဲ့ကြသည်။
ဆက်လက်၍ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ခရိုင်(ပြန်/ဆက်)