မိုင်းဆတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ နားကောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၆) နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် တို့ကို ယနေ့နံနက်(၉)နာရီခန့်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးပြုံးရည်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အာဇာနည်နေ့ အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး၊ ဒေါ်နန်းကြည်အေးက မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိစေရန် သုတ၊ ရသ စာအုပ်များကို ဖတ်ရှု့သင့် ကြောင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးသွားမည့်အကြောင်းကို ရှင်းလင်းဟောပြောပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဒုတိယလက်ထောက်ဦးစီးမှူး၊ ဒေါ်ဝင်းမာက ပတ်ဝန်းကျင် ဆိုင်ရာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဉာဏ်ရည်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြီး ပါဝင်ယှဉ်ပြိုင်သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးဆေးဝါးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြပြီး ရုပ်ပြစာအုပ်များကို ငှားရမ်းဖတ်ရှု့ လေ့လာကြကြောင်း သိရသည်။
ဒေါ်စန်းစန်းမြင့်(မိုင်းဆတ်)