ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ခြင်များ ပေါက်ဖွားမှု မရှိစေရန်နှင့် ဈေးရောင်းသူ၊ဈေးဝယ်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာ ဝန်ရှိသူများသည် နံ့သာကုန်းရပ်ကွက်၊အဝေရာလမ်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းဖော်ခြင်း လုပ်ငန်းကို AE ဦး ဟန်ကျင်မှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းခွင်နှင့် ကမ်းနားအလယ်ရပ်ကွက်၊အ.ထ.က(၄)ကျောင်းရှေ့ Box Culvert မြောင်းဖော် အုတ်စီ၊မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြုမှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်းမှ ဘိုကုန်းဈေး မြေညီ ထပ်အား EE ဦးစိုးလွင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးရာ ဥက္ကဋ္ဌမှ စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)